ကျုံပျော် ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၉ ရက် ညနေပိုင်းက မြို့နယ်ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်းနှင့် အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းတို့က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား လုံခြုံရေးကိစ္စများ အထူးဂရုပြု နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးအတွက် အသက် ၁၅နှစ် မှ ၁၈နှစ်ကြား ဆေးထိုးရမည့် သူများစာရင်း ပြုစုပေးပို့ရန်၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် လူဦးရေစာရင်းများ မှန်ကန်မှု ရှိစေရေးအတွက် ကော်မရှင်စာရင်း၊ ထွေ/အုပ်စာရင်း၊ လ ဝ က စာရင်း တိုက်ဆိုင် စစ်ဆေးခြင်းများ ပြုလုပ်၍ မှန်ကန်ပြည့်စုံရေး ပူးပေါင်း ဆောင်ရွက် သွားကြရန်၊ ရပ်/ကျေးစာရေး ဝန်ထမ်းများ အနေဖြင့် ပုံစံ(၂၇)မျိုးဖြည့်သွင်းရန်နှင့် လူဦးရေ စာရင်း လစဉ်ဖြည့်သွင်းမှုကို စစ်ဆေးမည်ဖြစ်၍ အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ရန်၊ မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးထားသည့် ကြွေးကျန်များ အမြန်ဆုံး ပြေကျေစွာ ပေးဆပ် သွားနိုင်ရေး တွန်းအားပေး စည်းရုံးဆောင်ရွက်ရေးတို့ကို အလေးထား စီမံဆောင်ရွက်ကြရန် မှာကြားပြီး၊ ဆွေးနွေးတင်ပြချက်များမှ လိုအပ်သည်များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)