ကြို့ပင်ကောက် ဧပြီ ၂၀
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ပညာရေးစနစ်သစ်၏ Grade-5 သင်ရိုးသစ် ဗဟိုအဆင့် အွန်လိုင်းနည်းပြသင်တန်းကို ယနေ့နံနက်ပိုင်းမှ စ၍ မြို့နယ်ပညာရေးမှူးရုံး အစည်း အဝေး ခန်းမတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။
ကြို့ပင်ကောက်မြို့နယ်ပညာရေးမှူးရုံးတွင် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြို့နယ် အတွင်းမှ နည်းပြဆရာဆရာမ ၄၄ ဦးအား ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဗဟိုအဆင့်နည်းပြ(TOT) သင်တန်းကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
Grade-5 နည်းပြသင်တန်းအား တက်ရောက်ခဲ့သော ဆရာဆရာမများမှ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ၁၇၂ ကျောင်းမှကျန်ရှိသော ဆရာဆရာမများကို ဧပြီလ ၂၈ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ဆင့်ပွားသင်တန်းပြန်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်း ယခုလိုသင်တန်းများကြောင့် သင်ကြားမှုမှ ဆရာဆရာမများနှင့် သင်ယူမှုမှ ကျောင်းသား ကျောင်းသူများ ပညာရေးစနစ်သစ်၏ ရည်မှန်းချက်နှင့်ရည်ရွယ်ချက်များကို ပိုမိုထိရောက်အောင်မြင်စေမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှုရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)