ရေဖြူ ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်သည် မြန်မာနိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး၍ ဖြစ်ထွန်းသော ဒေသတစ်ခု အပါအဝင် ဖြစ်သည်။
ကွမ်းသီးပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ အောက်ရှိသောအရပ်၊ ရေမဝပ်သောနုံးမြေတွင်စိုက်ပျိုးဖြစ်ထွန်းသည်။ ရေဖြူမြို့နယ်သည် မြစ်ချောင်းပေါများ၍ မြစ်ချောင်းကမ်းပါးတစ်လျှောက် တောတောင်ချိုင့်ဝှမ်းများ ၊ ကိုင်းကျွန်းများတွင် စိုက်ပျိုး ကြသည်။
ကွမ်းသီးပင်ကို စိုက်ပျိုးရာတွင် အဓိကအချက်မှာ မိုးရာသီတွင် ရေမဝပ်စေရန်နှင့် နွေအခါတွင် ရေလုံလုံလောက်လောက် ပေးရန်ဖြစ်သည်။ ရေဝပ်သောနေရာတွင် စိုက်ပျိုးပါက မြောင်းဖော်၍ ဘောင်ပေါ်တွင် စိုက်ပျိုးခြင်း နွေအခါရေရရှိစေရေး ရေတင်ရေဖျန်းပေးခြင်း ပြုလုပ်ပေးရသည်။
ဇန်နဝါရီ၊ ဖေဖော်ဝါရီလလောက်တွင် ကွမ်းသီးအရင့်အမှည့်ကို အပင်မှခူးချွေပြီး အလုံးငါးရာ တစ်အိတ်ထည့်ပြီး ရေထဲတွင်အခွံများရှုံ့တွလာသည်အထိ ရေစိမ်ပေးထားရသည်။ နှစ်ပတ်ခန့် အကြာရေထဲမှ ကွမ်းသီးများကို ဆယ်ယူပြီး အရိပ်ထဲတွင်ထား၍ တစ်လအကြာ အစို့အညှောက် လေးများ ထွက်လာသောအခါပျိုးအိတ်ထဲထည့်ပြီး ပျိုးထောင်ထားနိုင်သည်။ တစ်ချို့က မြောင်း ဘောင်ပြုလုပ်၍ မြေကြီးပေါ်တွင် အမှည့်လုံးများကို ရေမှန်မှန်လောင်းပေးခြင်းဖြင့် ပျိုးထောင်စိုက်ပျိုးနိုင်သည်။ အပင်ရှင်သန်မှု၊ အောင်မြင်မှုမှာ ပျိုးအိတ်နှင့်ပျိုးထောင် စိုက်ပျိုး သောအပင်မှာ ပိုအောင်မြင်ဖြစ်ထွန်းသည်။
ပျိုးခင်းတွင် ပျိုးပင်ကလေးများ ကြီးပြင်းနေစဥ်တောချုံများကို ရှင်းလင်း၍ စိုက်ခင်းမြေ ပြင်ခြင်းများ ပြုလုပ်ရသည်။ မိုးဦးကျအချိန်သည်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သဖြင့် ကျင်းများတစ်ခုနှင့်တစ်ခု ၆ပေထက် မနည်းအကွာ၊ ၈ပေအကွာအဝေးမှာ အကောင်းဆုံး ဖြစ်သည်။ ကွမ်းသီးပင်သည် စစိုက်ခါစတွင် နွေအခါအရိပ်လိုအပ်သဖြင့် အရိပ်ရသည့် အပင် အနည်းငယ်ထားပေးရသည်။
ကွမ်းသီးပင်သည် အများအားဖြင့် မြေဩဇာနှင့်ရေလုံလောက်စွာရလျှင် အပင်သက်တမ်း ၅နှစ် ၆နှစ်တွင် စတင်သီးသည်။ ကုန်းမြင့်တက်လျှင် ၁၀နှစ်သားရှိမှ စတင်သီးတတ်သည်။
ကွမ်းသီးပင်သည် တပေါင်း၊ တန်ခူးတွင်စတင်ပန်းပွင့်ကြပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်း လတွင် အရင့်မှည့်ကို စတင်ဆွတ်ခူးနိုင်သည်။ စတင်သီးသည့်နှစ်တွင် တစ်ပင် အလုံး ၃၀/၅၀ လောက်သာ သီးသော်လည်း နောက်ပိုင်းနှစ်များတွင် သုံးခိုင်မှငါးခိုင်ကြား ၊ အလုံး ၂၅၀ မှ အလုံး၅၀၀ ကြားသီးသည်။
ကွမ်းသီးအလုံးတစ်ထောင်လျှင် အခြောက်သား ၆ပိသာကျော် ရရှိနိုင်ပြီး ပုတ်သိုးတတ်သော ကုန်စိမ်းမဟုတ်သည့်အတွက် တောင်သူများအတွက် တွက်ခြေကိုက်သည်။ ပြည်တွင်းစားသုံးမှု အပြင်တရုတ် ၊ အိန္ဒိယ ၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ပါ တင်ပို့ရောင်းချကြသည်။
အရွယ်ရောက်ကွမ်းသီးပင်တစ်ပင်လျှင် အကြီးအသေးအလုံး ၃၀၀ကျော်ထွက်ရှိရာ တစ်ပင်လျှင် ၅၀၀၀ကျပ်ခန့်အနည်းဆုံးရရှိနိုင်သည်။ ထို့ကြောင့် ရေဖြူမြို့နယ်ရှိ ကျေးရွာအနှံ့အပြားတွင် အပင်ရာဂဏန်းမှသည် ဧကဆယ်ချီစိုက်ပျိုးကြသည်။ တစ်နှစ်ဝင်ငွေ ဆယ်သိန်းမှ သိန်းရာချီရရှိသောကြောင့် ကွမ်းသီးပင်ကို ရေဖြူမြို့နယ်ရှိ ကျေးရွာအနှံ့အပြားတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။
ခတ္တာ(ရေဖြူ)