လေးမျက်နှာမြို့နယ်တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်

လေးမျက်နှာ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် သင်ရိုးသစ် Grade-5 ဗဟို အဆင့် နည်းပြ (TOT) Online သင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မူလတန်းသင်ရိုးသစ် ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက် အောင်မြင်စေရေးအတွက် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) သင်တန်းကို online စနစ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။ အဆိုပါ သင်တန်းကို (၂၀.၄.၂၀၂၂) ရက်နေ့မှ (၂၅.၄.၂၀၂၂) ရက်နေ့အထိ (၆)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး လေးမျက်နှာ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ နည်းပြ ဆရာ/ဆရာမ(၄၈)ဦး တက်ရောက်သင်ကြားခဲ့သည်။

မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ သင်ရိုးသစ် (Grade-5) သင်ကြားမည့် ဆရာ/ ဆရာမများအား သင်ကြားမှု၊ သင်ယူမှု ပိုမိုထိရောက်စေရေးအတွက် မေလ(၁၀)ရက်နေ့မှ မေလ(၁၃) ရက်နေ့အထိ သင်တန်းတက်ရောက်ခဲ့သည့် နည်းပြဆရာ/ဆရာမ(၄၈)ဦးမှ ထပ်ဆင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)