ပင်လည်ဘူး စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ယင်းသာကျေးရွာ၊ အထက်ပြစ်ဆိုင်ကျေးရွာနှင့် သရက်ကန်ကျေးရွာတို့တွင် စိုက်ပျိုးထားရှိသည့် မိုးစပါး စိုက်ခင်းအချို့တို့တွင် ဂုတ်ကျိုး ရောဂါပိုးများကျရောက်မှုများရှိရာ ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးနန်းဝင်း၊ ဦးမျိုးအောင်နှင့်ဝန်ထမ်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျေးရွာများတွင် ဂုတ်ကျိုးရောဂါပိုးကျရောက်မှု အခြေအနေများနှင့်ပတ်သက်၍ တောင်သူများအား အချိန်မီ ပိုးသတ်ဆေးဖျန်းဆောင်ရွက်နိုင်ရေး၊ ပိုး ကျရောက်မှု ရောဂါနှင့် ဆေးအမျိုးအစားခွဲခြားပြီး ဆေးဖျန်းခြင်းမှန်ကန်မှုရှိစေရေး၊ ရောဂါပိုးကျရောက်မှုမရှိသေးသည့် စပါးခင်းများကိုလည်း ရောဂါပိုးကျရောက်မှုမရှိအောင် ကြိုတင် ကာကွယ် ဆေးဖျန်းခြင်းများ ဆောင်ရွက်နိုင်ရေး၊ ဓာတ်မြေဩဇာသုံးစွဲမှု အချိုးကျမှုရှိစေရေး၊ အခြားရောဂါပိုးများလည်း ကျရောက်မှုမရှိအောင် ကြိုတင် ကာကွယ်ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဟောပြောမှု များ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)