မြိုင်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်

မြိုင် ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ဆီထွက်သီးနှံ တိုးတက်ရေးအတွက် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော နေကြာမျိုးစေ့များ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးညွန့်တင်က စားသုံးဆီဖူလုံစေရေးအတွက် နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့အခမဲ့ပေးဝေခြင်းဖြစ်ကြောင်း နေကြာကို သီးသန့်စိုက်ပျိုးခြင်းနှင့် မြေပဲ၊ နှမ်း စသည့် သီးနှံများအကြားတွင် သီးညှပ်အဖြစ် စိုက်ပျိုး နိုင်ကြောင်းရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသော တောင်သူများအား တာဝန်ရှိသူ များက နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ နေကြာမျိုးစေ့ ထောက်ပံ့ရာတွင် နေကြာသီးသန့် စိုက်ပျိုးသူ တောင်သူများအတွက် တစ်ဧကလျှင် ၃ ကီလိုနှုန်း ၊ သီးညှပ်စိုက်ပျိုးမည့် တောင်သူများအတွက် တစ်ဧကလျှင် ၀ ဒသမ၇ ၅ ကီလိုနှုန်းဖြင့် နေကြာမျိုးစေ့ပေါင်း ကီလို ၂၄၀ ကို အခမဲ့ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ခါနု