သရက်ချောင်း ဧပြီ ၂၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီက တစ်နိုင်ငံလုံးတစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ သရက်ချောင်းမြို့နယ်တွင် အ-ထ-က(သရက်ချောင်း)ကျောင်းတွင် စုပေါင်းတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်ရေးအတွက် အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ ကြီးမှူးဖွင့်လှစ်ခြင်း ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ဧပြီ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်သည်။
သင်တန်းတွင် ဗဟိုနည်းပြများအဖြစ် သရက်ချောင်းမြို့နယ်အတွင်းမှ မူလတန်းကျောင်းအုပ် ၁၈ ဦး တက်ရောက် သင်ကြားလျက်ရှိရာ သရက်ချောင်းမြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် လက်ထောက်ပညာရေးမှူးနှစ်ဦးတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဗဟိုအဆင့် နည်းပြများက သင်တန်းပြီးဆုံးပါက သရက်ချောင်းမြို့နယ်အတွင်းရှိ ဘာသာရပ်သင် ဆရာ၊ ဆရာမများအား ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းခလိုက်(သရက်ချောင်း)