ဆိပ်ဖြူ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မကျီးပင် စိုက်ပျိုးထားရှိသည့် ဒေသခံပြည်သူများ မကျီးသီး ရောင်းချရခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် မကျီးပင်စိုက်ပျိုးဖြစ်ထွန်းသည့် အရပ်ဒေသတစ်ခုဖြစ်ပြီး အလေ့ကျ ပေါက်ရောက်သည့် အပင်အဖြစ် လည်းကောင်း၊ နေအိမ်ဝန်းနှင့် ယာစည်းရိုးတို့၌ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရပင်အဖြစ် စိုက်ပျိုးကြကာ မကျီးပင်မှ ထွက်ရှိသော အသီးအရွက်များကို စားသောက်ကုန်၊ လူသုံးကုန်အမျိုးမျိုး ထုတ်လုပ် ဆောင်ရွက်ရာတွင် ထည့်သွင်း အသုံးပြုခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် မကျီးသီးပေါ်ထွန်းသည့် အချိန်ကာလတွင် ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
လက်ရှိဆိပ်ဖြူဈေးတွင် မကျီးအခွံခွာပြီး အစေ့မထုတ်ရသေးသည့် မကျီးသီး တစ်ပိဿာလျှင် ၁၅၅၀ ကျပ်၊ အစေ့ထုတ်ပြီး မကျီးအသား တစ်ပိဿာလျှင် ၂၆၀၀ ကျပ်၊ မကျီးစေ့တစ်တင်းလျှင် ၁၂၀၀၀ ကျပ် ဈေးရရှိကြောင်း၊ ယခင်နှစ် မကျီးသီးဈေးထက် အနည်းငယ်ပိုရရှိကြောင်း မကျီးသီး ရောင်းချသူများထံမှ သိရသည်။
စိုးလင်းနိုင်(IPRD)