မြိတ် ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု ပြင်ကြီးကျေးရွာတွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် ဘေးသင့်အိမ်ထောင်စု များအား ယမန်နေ့ညနေပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို မဇောပြင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့ ပေးခဲ့ကြသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုပျက်စီးခဲ့သည့် အိမ်ထောင်စု (၆) စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ တစ်ပုံစီနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁) သိန်းကျပ်စီ၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆၀၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၉၀၀၀၀) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၁)ဦး အတွက် တပတ်စာ ဆန် ရိက္ခာဖိုးငွေ (၉၅၇၁၀၀) ကျပ်ကို မြိတ်ခရိုင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် လုံးဝပျက်စီးသွားသော အိမ် (၆) ဆောင်အား တစ်ကိုယ်ရည်သုံးပစ္စည်း(၁)စုံနှင့် တာပေါ်လင်တစ်ပိုင်းစီ၊ မီးဖိုချောင်သုံးပစ္စည်း (၁)စုံ၊ တစ်စိတ်တစ်ပိုင်း ပျက်စီး သော အိမ်(၅)ဆောင်အား တစ်ကိုယ်ရည်သုံးပစ္စည်း(၁)စုံနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း တာပေါ်လင်တစ်ပိုင်းနဲ့ လက်သမားသုံးပစ္စည်း (၁) စုံတို့ကို တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ မဇောပြင်ကြီး ကျေးရွာ တွင် ဧပြီလ (၁၈) ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်၍ နေအိမ်(၆)လုံး ပြိုကျပျက်စီး၍ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ်(၅)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)