ကိုဗစ် - ၁၉ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးလျက်ရှိကာ မြို့တွင်းသွားလာသူများ နှာခေါင်းစည်းတပ်ဆင်သွားလာစေရေးစစ်ဆေး

မြိတ် စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉  ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်မြို့ အဝင် ကျွဲကူး-ကျောက်ဖျာတံတားတွင် စစ်ဆေးရေးဂိတ်ကို ယမန်နေ့က ပြန်လည်ဖွင့်လှစ်ပြီး ပူးပေါင်းအဖွဲ့များဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာသူများကို စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မြို့တွင်းသွားလာသူများ နှာခေါင်းစည်းများ တပ်ဆင်သွားလာစေရေး စစ်ဆေးလျက်ရှိသည်။

“ရခိုင်ဒေသမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာများပြားပြီး ကူးစက်ခံရမှုများပြားတဲ့အတွက် တနင်္သာရီတိုင်းဒေသကြီး ဝင်လာမယ့်ခရီးသွားဧည့်သည်တွေ ဒေသခံပြည်သူတွေကို ရခိုင်ပြည်နယ်မှာရှိတဲ့ Stay at Home သတ်မှတ် ထားတဲ့ မြို့နယ်တွေမှလာမယ်ဆိုရင် မြိတ်မြို့ရှိ Quarantine စခန်းနေရာများမှာ (၁၄) ရက် ဝင်ရောက်ကြရမှာဖြစ်ပြီး ဓာတ်ခွဲနမူနာ (၂) ကြိမ် ရယူစစ်ဆေးရမယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။

ဓာတ်ခွဲအဖြေထွက်ပြီး ရောဂါပိုးမတွေ့ရှိမှ Home Quarantine (၇) ရက်ထားရှိကာ ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အတည်ပြုပြီးမှ ဆက်လက်ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုမရှိသေးသည့် မြို့နယ်မှလာတဲ့သူများကို မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ကျန်းမာရေးစစ်ဆေးမှုခံယူရမှာဖြစ်ပြီး ရောဂါသံသယလက္ခဏာတွေ့ရှိသူများကို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးဆောင်ရွက်ရန် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စည်းကမ်းသတ်မှတ်ချက်များကို ပြည်သူများမှ လိုက်နာပေးကြပါ။ ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွေအပြင် မြို့တွင်းသွားလာသူတွေ Mask မတပ်တာတွေများပြားလာတဲ့အတွက် Mask Campaign တွေလုပ်နေပါတယ်။ အများပြည်သူအကျိုးအတွက် ရှေးရှုပြီးလုပ်တာဖြစ်တဲ့အတွက် အပြင်ထွက်တဲ့အခါ Mask တပ်ပေးကြပါ။ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို စနစ်တကျ လေးစားလိုက်နာပေးကြပါ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောကြားသည်။

ကျွဲကူး-ကျောက်ဖျာတံတားတွင် စစ်ဆေးရေးဂိတ်ကို ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ရပ်ကွက်/ကျေးရွာ အုပ် ချုပ်ရေးအဖွဲ့များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဂိတ်စတင်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှုများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြသည်။ မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လက်ရှိအချိန်တွင် Quarantine စခန်း (၅) ခု ဖွင့်လှစ်ထားရှိပြီး နေရပ်ပြန် (၁၉၆) ဦးအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (မြိတ်၊ ပြန်/ဆက်)