ပွင့်ဖြူမြို့နယ်ရုံး လူထုအခေပြုဗဟိုဌာနတွင် လျှပ်စစ်ချွေတာရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြော

ပွင့်ဖြူ ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ ပွင့်လင်းရာသီကာလ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် လျှပ်စစ်မီး သုံးစွဲရာတွင် စနစ်တကျ ချွေတာသုံးစွဲသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လျှပ်စစ် ချွေတာရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ပွင့်လင်းရာသီကာ ဒေသခံပြည်သူများ လျှပ်စစ်မီး သုံးစွဲရာတွင် အန္တရာယ်ကင်းဝေးစေရန်အတွက် သတိပြုလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ လျှပ်စစ်မီး ချွေတာသုံးစွဲခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း စေရေးအတွက် ဓာတ်အား‌ချွေတာ သုံးစွဲရမည့်နည်းလမ်းများ၊ လျှပ်စစ်မီးအား ပေါ့ဆစွာကိုင်တွယ် သုံးစွဲပါက ကြုံတွေ့ရမည့် ဆိုးကျိုးများ စသည့် လျှပ်စစ်‌ချွေတာရေးဆိုင်ရာ သိကောင်းစရာများနှင့် ဆင်ခြင်သတိပြုရမည့်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မြို့နယ်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး လုပ်ဆောင်ရမည့် နည်းလမ်းများအပေါ် သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးရာ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)