(၅၆)ကြိမ်မြောက် မဟာစည်သာသနာ့ရိပ်သာ စု‌ပေါင်းရဟန်းခံ ရှင်ပြုပွဲတွင် မင်္ဂလာယဉ်ကျေးမှု စာမေးပွဲဖြေဆို ကျင်းပ

မင်းလှ ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာစည်သာသနာ့ရိပ်သာတွင် သာသနာထွန်းကားပြန့်ပွားရေးအတွက် (၅၆)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲနှင့် (၇) ရက်ဝိပဿနာ တရားစခန်းပွဲကို ကျင်းပလျက်ရှိရာ  ယမန်နေ့ နေ့လည်ပိုင်းက မင်္ဂလာယဉ်ကျေးမှု စာမေးပွဲ ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။

မင်္ဂလာယဉ်ကျေးမှုစာမေးပွဲတွင် သာမဏေ၊ သီလရှင်၊ ယောဂီများက ရေးဖြေ၊ နူတ်ဖြေဝင်ရောက်ခဲ့ပြီး၊ ဖြေဆိုအောင်မြင်သူခဲ့များကို ဧပြီ ၂၀ ရက် နေ့လည် ၂ နာရီချိန်တွင် ဆုချီးမြှင့်ပွဲ အခမ်းအနား၌ အောင်လက်မှတ်နှင့် ဆုငွေများအသီးသီးပေး အပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ (၅၆) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲနှင့် (၇) ရက်ဝိပဿနာ တရားစခန်းပွဲကို ကျောင်းတိုက်ဆရာတော် အရှင်ဣန္နောဘာသဦးဆောင်၍ ဧပြီလ ၁၃ ရက်နေ့မှ ၂၀ ထိ သက်သက်လွတ် ဆွမ်းဟင်းများဖြင့် သာစီစဉ်ကျင်းပခဲ့ရာ ရပ်ကွက်/ ကျေးရွာများနှင့် အနယ်နယ်အရပ်ရပ်မှ လူကြီးလူငယ် စုစုပေါင်း (၅၃၇) ဦးဝင်ရောက်သာသနာပြုခဲ့ကြောင်း၊ နေ့စဉ် ဆွမ်းခံကြွခြင်း၊ တရားထိုင်ခြင်း၊ တရားပွဲပြုလုပ်ခြင်း၊ ဝေယျာဝစ္စဆောင်ရွက်ကြခြင်းများ ပြုလုပ်ခဲ့ကြ၍ သာသနာ့အကျိုးသယ်ပိုး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပေါက်စ( မင်းလှ)