နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဂန္ဓာမာပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင် ငွေရရှိ

နတ်မောက် ဧပြီ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဘုရားပန်းများဖြစ်သည့် နှင်းပန်း မေမြို့ပန်း၊ ပန်းတိမ်မနိုင်များစိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်း စိုက်ပျိုးရောင်းချ ခြင်းဖြင့် မိသားစု စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က ဂန္ဓာမာပန်းစိုက်ပျိုးရန်အတွက် ပြင်ဦးလွင်မြို့ကနေ ပျိုးပင်များကို ဝယ်ယူစိုက်ပျိုး ရတာဖြစ်ပြီး တစ်ပင်လျှင် ၁၅ ကျပ်၊ ၁၇ ကျပ် အစားစားပေးဝယ်ရပါတယ်၊ တစ်ပင်နှင့်တစ်ပင် ၃ လက်မ ကွာခြား၍ စိုက်ပျိုးရပါတယ်၊ ပန်းပင်များသန်မာပြီးအပွင့်ကြီးထွားမှုကောင်းစေရန်အတွက် သဘာဝမြေဇာ ဖြစ်သည့် နွားချေးများကို မြေခံအဖြစ်အသုံးပြု၍အတန်းလိုက်စိုက်ပျိုးရပါတယ်၊ ပျိုပင်များစိုက်ပျိုးပြီးရင် ရေကိုတော့ အခုလိုရာသီမှာဆိုရင် နှစ်ရက်ခြားတစ်ခါလောင်းပေးရပါတယ်၊ ရွာမှာက လျှပ်စစ်မီးရတယ်လေ ရေမော်တာ ဝယ်ပြီးတော့  ပန်းခင်းထဲကို မြောင်းပေးစနစ်နဲ့ ရေသွင်းလောင်းရပါတယ်၊ ဂန္ဓာမာပန်း စိုက်ပျိုးထားတာကတော့ ပျိုးပင် (၁၀၀၀၀)ကျော် စိုက်ပျိုးထားပါတယ်၊ ပန်းရောင်းတာကတော့ (၄) ကိုင်းစီးတစ်စီးကို (၁၀၀၀)ကျပ်ရောင်းရပါတယ်၊  ဂန္ဓာမာပန်းကြိုက်သူများကတော့ ပန်းခင်းထဲအထိလာ ရောက်ဝယ်ယူလျက်ရှိပါတယ်၊ နတ်မောက်မြို့ ယာယီဈေးမှာလည်း လက်လီ၊ လက်ကား သွားရောက် ရောင်းပါတယ်၊ ပန်းများလှိုင်လှိုင် ပွင့်သည့်ရက်များဆိုလျှင် တစ်နေ့ရောင်းရငွေ ( ၃၀၀၀၀ )ကျပ် ကနေ (၅၀၀၀၀) ကျပ်ထိ ရသည့်အတွက် မိသားစုစားဝတ်နေရေးလေးတော့ အဆင်ပြေပါတယ်” ဟု န-လက္ခုပ္ပင် ကျေးရွာနေ ဂန္ဓာမာပန်း စိုက်ပျိုးရောင်းချသူ ဦးအုန်းလွင်က ပြောကြားခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်(နတ်မောက်)