ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ချစ်ဦးညိုရေးသားသည့် “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်အား  စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေး

ချောင်းသာ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Women Club၊ Book Club အဖွဲ့များပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာချစ်ဦးညိုရေးသားသည့်  “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်အား  စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ချောင်းသာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့ဦးစီးမှူးဦးဝင်းကျော်ကျော်က စာဖတ်ပရိသတ်၊ လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်နှင့် စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အတွေးအခေါ် ဗဟုသုတများ ရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာများအား အခြားသူများအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းအား ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် Women Club၊ Book Club အဖွဲ့များက စာရေးဆရာချစ်ဦးညိုက ဟောပြောပွဲ တစ်ခုတွင် ဟောပြောခွင့်ရလာပုံ၊ မိမိဟောပြောရမည့် နေရာဒေသအခြေအနေပေါ် ခြုံငုံ၍ ဟောပြောမည့် ခေါင်းစဉ်အား ပေးခဲ့ပုံ၊ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာခေါင်းစဉ် အောက်ဖြင့် ဟောပြောရာတွင် ယခင်စာပေဟောပြောပွဲများကဲ့သို့ အလွတ်တန်း ဟောပြောခြင်း မျိုးမဟုတ်ပဲ အချက်အလက်စုံစွာ ရေးမှတ်ဟောပြောခဲ့ရပုံ၊ ခေတ်စနစ်အလိုက် တိုးတက်၊ ပြောင်းလဲ၊ ဆုတ်ယုတ်ခြင်းများကို စာပေနားထောင်သူတို့ရင်ထဲ သဲသဲကွဲကွဲထင်သာ မြင်သာအောင် ဟောပြောခဲ့ခြင်းနှင့် အမေးဖြေကဏ္ဍတွင်  စာပေချစ် ပရိသတ်မှ မေးမြန်းဆွေးနွေးခြင်း အကြောင်းအရာ များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)