သရက်ချောင်း ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေး ဟောပြောဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဟောပြောဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးနေလင်းဦးက သဘာဝတရားက လူသားများအတွက် ကောင်းမွန် သော အကျိုးတရားများကို ရရှိခံစားစေနိုင်သော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်တွင် လေဘေး၊ မီးဘေး၊ရေဘေး၊ငလျင်ဘေး၊ မိုးကြိုးဘေးစတဲ့ ဘေးအမျိုးမျိုးရှိရာ ပြည်သူများအနေဖြင့် အဆိုပါဘေးဆိုးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနိုင်သောကြောင့် မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရန်နှင့် ဖြစ်ပွားလာပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရန်နှင့် ဖြစ်ပွားပြီးပါက နေထိုင်ရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ သည်။
သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း သင်တန်းကို ဧပြီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)