မြို့သစ် ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ကွက်သစ်ရပ်ကွက်မှ မြေအုတ်ပြုလုပ် ရောင်းချသူများသည် ပွင့်လင်းရာသီ ရောက်လာ သော်လည်း အုတ်များပုံမှန်စျေးအတိုင်းသာ ရောင်းချနေရကြောင်း အုတ်လုပ်ကိုင်သူများထံမှ သိရသည်။
အုတ်များ လုပ်ကိုင်ရာတွင် အုတ်လုပ်သည့် မြေများကိုကားတစ်စီးလျှင် ၁၅၀၀၀ကျပ် ပေးဝယ်၍ စုဆောင်းထားရကြောင်း၊ စုဆောင်းထားသည့် မြေများမှအုတ်လုပ်ရန် လိုသလောက်မြေများကို ရေဖျန်း၍ နှပ်ပေးထားရကာ နှပ်ပြီးသား ရွှံ့မြေများကို ပုံစံခွက်ထဲထည့်ရိုက် လှီးဖြတ်ပြီး နေလှမ်းသည့်နေရာသို့ လက်တွန်းလှည်းဖြင့်ပို့ပေးရသည်။ ငါးရက်ခန့် နေလှမ်းပြီးမှ မီးဖုတ်ကာ ရောင်းချရသည်။ အုတ်များကို အလျှား ၉ လက်မ အနံ ၄ လက်မခွဲ ထု ၃ လက်မထုတ်လုပ်ပြီး အုတ်ခဲတစ်လုံး အထိုင်စျေး ၇၅ ကျပ်၊အရောက်ပို့ အုတ်တစ်ခဲ ၁၀၀ ကျပ် ရောင်းချရသည်။
"ကျွန်တော်တို့ အုတ်လုပ်ငန်းမှာအလုပ်သမား(၃၀)ဦးခန့်ရှိပြီး လုပ်အားခအနေဖြင့် အုတ်ခဲ တစ်လုံး (၂၅) ကျပ်ပေးရကာ တစ်ယောက်ကို အုတ်ခဲလုံးရေ ၄၀၀ အထိ ပြီးပါတယ်။ အလုပ်သမားများဟာ အနီးအနားဝန်းကျင်ရပ်ကွက်၊ ကျေးရွာများ မှဖြစ်၍ သူတို့မိသားစုများနဲ့ အိုးမကွာအိမ်မကွာ နေရေးထိုင်ရေး အဆင်ပြေကြပါတယ်။ ကျွန်တော်တို့ကတော့ ပွင့်လင်းရာသီ ရောက်လာပေမဲ့ ကိုဗစ်-၁၉ နှင့် အိုမီခရွန်ရောဂါများကြောင့် ပုံမှန်အတိုင်းသာ ရောင်းချနေ ရပါတယ်'' ဟုအုတ်လုပ်ကိုင် ရောင်းချသူ တစ်ဦးက ပြောသည်။
သန်းဝင်းထွန်း(ပြန်ဆက်)