ငဖဲ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ပြည့်နှစ် မိုးရာသီသီးနှံထုတ်လုပ်မှုဘဏ်ချေးငွေများကို မေလ ၁၅ ရက်နေ့နှင့်COVID-19 SPECIAL RELIEF LOAN ချေးငွေများကို ဇွန်လ ၂၃ ရက်နေ့ မှစ၍ စတင်ထုတ်ချေးပေးခဲ့ရာ ချေးငွေ နှစ်ခုစလုံး အတွက်ငွေကျပ်သိန်းပေါင်းနှစ်သောင်းကျော်ကို ဩဂုတ်လ ၂၇ ရက်နေ့တွင် အပြီးသတ်ထုတ်ချေးပြီးစီး ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၃)အုပ်စုမှ တောင်သူ (၂၈၂၁)ဦးထံ စပါးစိုက်ဧက (၅၄၈၉)နှင့် အခြားသီးနှံစိုက်ဧက (၆၇၀၂)ဧက စုစုပေါင်း (၁၂၁၉၁)ဧကတို့အတွက် ငွေကျပ်သိန်းပေါင်း (၁၄၉၃၅.၅၀)ကို ထုတ်ချေးပေးခဲ့ပြီး စပါးတစ်ဧကလျင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်း၊ အခြား သီးနှံတစ်ဧကလျင် ငွေကျပ်ငါးသောင်းနှုန်း တို့ဖြင့်လည်းကောင်း၊ COVID-19 SPECIAL RELIEF LOAN စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု(၂၃)အုပ်စုမှ တောင်သူ (၂၆၅၆)ဦးထံ စပါးစိုက်ဧက (၅၁၈၄)နှင့် အခြားသီးနှံစိုက်ဧက (၆၄၃၈)ဧက စုစုပေါင်း(၁၁၆၂၂) ဧကတို့အတွက် တစ်ဧကလျင်ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်းပေါင်း (၅၈၁၁)သိန်း၊ စုစုပေါင်း ငွေကျပ်သိန်း(၂၀၇၄၆.၅၀)ကို ထုတ်ချေးပေးခဲ့သည်။
အဆိုပါ တောင်သူများပိုင်ဆိုင်သော ပုံစံ-၇မူရင်းများကို ချေးငွေအာမခံအဖြစ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၊ ငဖဲမြို့မှသိမ်းဆည်းထားရှိပြီး ချေးငွေအရင်း၊အတိုး၊ ဒဏ်တိုးများပြေကျေမှ သာပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
မယု(ငဖဲ)