လေးမျက်နှာ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) အောင်မြင်စွာပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်မှ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသည့် လုပ်ငန်း တစ်ရပ် ဖြစ်သောကြောင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရာတွင် အမှန်ကန်ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအချိန်မီ ဆောင်ရွက်ပြီးစီးရေး အလေးထား ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အခြေခံ မဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသော ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အထူး အလေးထားဆောင်ရွက်ပေး ကြရန်၊ အခက်အခဲများရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးကြရန် ပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို အဖွဲ့(၁၆)ဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဖွဲ့များအနေဖြင့် လေးမျက်နှာ ာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈)အုပ်စု လူဦးရေများ၏ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ကွန်ပျူတာနည်းပညာ အသုံးပြု၍ အပြန်အလှန်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)