မင်းလှမြို့နယ်ရှိ စံပြကျေးရွာ ပထမဆုရရှိထားသော ကိုင်းကျေးရွာနှင့် ဥယျာဉ်ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စံပြကျေးရွာပထမဆုရရှိထားသော ကိုင်းကျေးရွာနှင့် ဥယျာဉ် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈နာရီက ဆောင်ရွက် ခဲ့သည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကိုင်းကျေးရွာနှင့် ဥယျာဉ်ကျေးရွာတို့အနေဖြင့် ပထမဆုရရှိခဲ့သော စံပြကျေးရွာများဖြစ်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပ‌ရေး၊ လူနေမှု အဆင့်အတန်း မြင့်မားလာစေရေး၊ ရေရှည်တည်တံ့စွာ ထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က စံပြကျေးရွာများ ဖြစ်သည့် ကိုင်းကျေးရွာနှင့် ဥယျာဉ်ကျေးရွာတို့အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိသားစု နေထိုင်မှုစနစ်၊ နေအိမ်သန့်ရှင်းမှု စနစ်ကောင်းမွန်းရေး၊ ကျန်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ် စားသောက်ရေး၊ အမျိုးသမီးများ ကျန်းမာစွာနေထိုင်တတ်စေရေး၊ ပညာ‌ရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာများ၊ စံပြကျေးရွာများဖြစ်သည်နှင့်အညီ ယခင်မူလအတိုင်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက် သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ကိုင်းကျေးရွာရှိဥယျာဉ်ခြံမြေများတွင် မိသားစု အပိုဝင်ငွေရရှိရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော စိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့ပြီး၊ ကိုင်းကျေးရွာမှ သက်ကြီးအဘွားအား ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်နှင့် ဥယျာဉ်ကျေးရွာမှ ကိုယ်ဝန်ဆောင်မိခင်အား‌ ထောက်ပံ့ငွေ ၁၀၀၀၀ ကျပ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)