ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ တက်ရောက်ကြည့်ရှု

အိမ်မဲ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်၌ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကွင်းယားတံခွန်တိုင်ကျေးရွာအုပ်စုတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ခင်းရိတ်သိမ်းခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွင်းယားတံခွန်တိုင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးထိန်ဝင်း၏ လယ်ကွင်းအမှတ် (၉၀က)၊ ဦးပိုင်အမှတ် (၁၁/၅)တွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်း(၁) ဧကရိတ်သိမ်းခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွင်းယားတံခွန်တိုင် ကျေးရွာအုပ်စု ဒိုးကုန်း ကျေးရွာနှင့် ကွင်းကလေးကျေးရွာမှ တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်း​နောက်ဝန်ကြီးက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးလျှင် ရရှိမည့် အကျိုးကျေးဇူးများကို တောင်သူများနှင့် နှီးနှောဖလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးတို့နှင့် စိတ်ပါဝင်စားသော တောင်သူ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးတဲ့ အကျိုးကျေးဇူးတွေကတော့ ဓာတ်မြေသြဇာသုံးစွဲမှု လျော့ချရေးနဲ့ မြေဆီလွှာများ ပြုပြင်တိုးတက်လာမှာဖြစ်ပါတယ်။ အဓိက ဘာရမလဲဆိုတော့​မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိကို ပြောင်းလဲစေပြီး သစ်ဆွေး ဓာတ်ပိုမိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မြေကြီးတွေကို ရေရှည်တည်မြဲသော စိုက်ပျိုးရေးစနစ်ကို ဆောင်ရွက်နိုင်မှာပါလို့” အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။

ချစ်သက်လယ်(အိမ်မဲ)