ငပုတော ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင်-၄ အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ငပုတောမြို့နယ်အတွင်း ကျေးရွာများရှိ ပြည်သူများအား နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များကို eID စနစ်ဖြင့် နေရာ(၃)နေရာတွင် စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အချက်အလက်များအား ခေတ်စနစ်နှင့် အညီ အဆင်မြှင့်နည်းပညာဖြင့် Smart Card များ ထုတ်ပေးနိုင်ရေးအတွက် ရှေ့ပြေးလုပ်ငန်းအဖြစ် အခြေခံကျသော နိုင်ငံသားများ၏ ကိုယ်ရေးအချက်များအား နည်းပညာအသုံးပြု၍ Data Entry စာရင်းရေးသွင်း ဆောင်ရွက်ခြင်းကို ငပုတောမြို့အတွင်းရှိ ဟိုင်းကြီးကျွန်းမြို့၊ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး)၌ ၁၄/ငပတနိုင်(၄) နံပါတ်(၁၈၀၀၀၀)ကျော်နှင့် ၁၄/ဟကကနိုင်(၄) နံပါတ် (၅၄၀၀၀)ကျော် အတွက် ကွန်ပျူတာ (၁၃)လုံးနှင့် လူ(၂၆)ဦး ဖြင့်လည်းကောင်း ငရုတ်ကောင်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင် ငရုတ်ကောင်းမြို့တွင်ရှိသော နိုင်-၄ အရေအတွက် (၁၅၀၀၀) ကျော်အတွက် ကွန်ပျူတာ (၁)လုံး၊ လူ (၂) ဦးဖြင့်လည်းကောင်း ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စုပေါင်းရုံး(Oss) ၁၄/ငပတနိုင်-၄ အရေအတွက် (၁၀၀၀၀၀)ကျော် တို့ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားဦးရေ စုစုပေါင်း ( ၃၄၉၉၈၅)ဦး၏ ကိုယ်ရေးမှတ်တမ်း နိုင်-၄ အချက်အလက်များအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် မှတ်တမ်းရေးသွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်င်ငံသား ကိုယ်ရေးမှတ်တမ်း နိုင်-၄ အချက်အလက်များအား နည်းပညာအသုံးပြု၍ Data Entry စာရင်း ရေးသွင်းခြင်းကို သတ်မှတ်ကာလအတွင်း ရေးသွင်းပြီးစီးနိုင်ရေးကို ဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဌာနဆိုင်ရာဝန်ထမ်းများက တာဝန်ရှိသူများနှင့် အတူ eID စနစ်ဖြင့် စတင်ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
(မြို့နယ်ပြန်/ဆက်)