ပန်း​တောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ် စွမ်းရည် ​ပြိုင်ပွဲကျင်းပ

ပန်းတောင်း    ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာဖတ် စွမ်းရည်​ပြိုင်ပွဲများကို  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာပန်းတောင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကိုချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင် ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့်စာပေကို တန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဥက္ကဋ္ဌ ဦးလှကျော်က စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားများပြောကြားပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/သူများက စာရေးဆရာချစ်နိုင်ရေးသားသော ရည်မှန်းချက် ရှိရမယ် စာအုပ်ဖြင့် ခေါင်းစဉ်တစ်ခုချင်းစီလိုက် ဝါကျသတ်ပုံ၊ အဖြတ်အတောက်မှန်မမှန် စာပေများကို ဖတ်ရှုပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆု မောင်ငြိမ်းချမ်း၊ ဒုတိယဆု မောင်ဖြိုးကျော်၊ တတိယဆု မောင်နေလင်းအောင်တို့မှ အသီးသီးရရှိခဲ့ပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး၊ စာရေးဆရာဥက္ကဋ္ဌ ဦးလှကျော်တို့မှ ဆုများအသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)