ဘားအံ ဧပြီ ၁၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီခွဲ့ခန့်က ဘားအံမြို့၊ မြို့ကျက်သရေဆောင်ကြာအင်းတောင်ခြေ၌ တည်ဆောက်လျက်ရှိသော သာသနာ့ ဝေစည်ဓမ္မဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးအား တာဝန်ယူ တည်ဆောက်ပေးလျက်ရှိသော ရှားမူလာကုမ္ပဏီမန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးမကျမီ ပြီးစီးရမည့်တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရန်၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်းနှင့် ကျောက်စီရေမြောင်း လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးကို ၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့က စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး မော်တော်ယာဉ်ရပ်နားရာ ၂ ထပ် ကားပါကင်၊ သာသနာ့ဗိမာန်တော်ကြီး (၄) ထပ် ပင်မအဆောက်အဦနှင့် အခြား ဆက်စပ်လုပ်ငန်းများပါဝင်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)