ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားပေး

ပွင့်ဖြူ ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် နွေရာသီ ကျောင်းပိတ်ရက် ကာလ ကျောင်းသား၊ ကျောင်းသူများ ကိုယ်၊ စိတ်၊ နှလုံး ယဉ်ကျေး လိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဆရာတော် ဦးသုဝဏ္ဏနှင့် ဆရာတော် ဦးဇေယျသီရိတို့မှ ဦးဆောင်ကာ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းသို့ ရေပုတ်ကြီးကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရကာ သင်တန်းတွင် ဗုဒ္ဓဘာသာ သာသနာအား အစဉ်စောင့်ရှောက် ထိန်းသိမ်းလိုသည့်စိတ်များ ရင့်သန်ခိုင်မာလာစေရေး ဆောင်ရွက်ရမည့် အချက်များနှင့် (၃၈)ဖြာ မင်္ဂလာတရားတော်များ၊ ယဉ်ကျေးလိမ္မာစေရေး လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို သင်တန်းကာလ(၁)လကြာ ဖွင့်လှစ်ပို့ချသင်ကြားပေး သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ပို့ချသင်ကြားပေးသည့် သင်ခန်းစာများကို ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် အရည်အချင်း စစ်ဆေးခြင်းဆိုင်ရာ စာမေးပွဲအား ထည့်သွင်းကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း သင်တန်းကို မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၂၅ ရက်နေ့အထိ အချိန်(၁)လကြာ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက နွေရာသီယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများကို မင်းဘူးမြို့ ကေလာသဖမြေကဇာတိသွေး သဘာဝဘေးသင့်နေသူများကို ကူညီကြပါစို့ ပရဟိတအဖွဲ့မှ နာယကဆရာတော် ဦးဥတ္တမ ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များက အာဟာဒါန ကုသိုလ်အဖြစ် မုန့်လက်ဆောင်နှင့် ကြာဇံဟင်းခါးများ သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)