အိမ်မဲ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ယနေ့နံနက် ၇ နာရီက စတင်၍ မိုဘိုင်းစနစ်ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ကိုဗစ်-၁၉ အရေးပေါ်တုံပြန်ရေး ကော်မတီအနေနဲ့ သြဂုတ်လ ၃၀ ရက်နေ့ကစတင်ပြီး မြို့ထိပ်မှာတစ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့မှာ တစ်ဖွဲ့နဲ့ မြို့မဈေးကြီးရှေ့မှာတစ်ဖွဲ့ စုစုပေါင်း(၃)ဖွဲ့နဲ့ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးပါတယ်။ နှာခေါင်းစည်းကို အပြင်ထွက်လို့ စနစ်တကျမတပ်ရင် စစ်ဆေးရေးအဖွဲ့က နှာခေါင်းစည်း(၃)ခုပေးပြီး ဒဏ်ငွေ၃၀၀၀ပေးဆောင် စေပါတယ်။ တော်တော်များများကလည်း နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်လာတာ တွေ့ရပါတယ်။ ကျွန်တော်တို့စစ်ဆေးရေး အဖွဲ့(၃)ဖွဲ့ထဲကမှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့မှာ စစ်ဆေးတဲ့အဖွဲ့နဲ့ ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန့်ရေးအဖွဲ့မှ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး မိုဘိုင်း စနစ်နဲ့ လိုက်လံစစ်ဆေး နေတာပါ''လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက ပြောသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့သည် အိမ်မဲမြို့ မြို့မဈေးရှေ့၊ ရွာသစ်ကျေးရွာနှင့် အိမ်မဲမြို့ထိပ်ရှိ ခရီးသွား ရာဇဝင်စစ်ဆေးရေး ဂိတ်တို့အား မိုဘိုင်းစနစ်ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)