အိမ်မဲ ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပခဲ့ကြောင်း သိရ သည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က အဖွင့်အမှာစကားပြောကြားရာတွင် “၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် နိုင်ငံတော်က ဘဏ္ဍာရေးနှစ် ပြန်လည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်ပြီးနောက် စတင် ဆောင်ရွက်သည့် ပထမဆုံးဘဏ္ဍာရေးနှစ်ဖြစ်ကြောင်း၊ ဒါ့အပြင် တိုင်းပြည်ရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာစေရေးကို တွန်းအားပေးဆောင်ရွက်ရမဲ့ နှစ်လည်းဖြစ်ကြောင်း၊ မြောင်းမြ ခရိုင်၊ အိမ်မဲမြို့နယ်ရဲ့ စီးပွားရေးကို ပုံမှန်စျေးနှုန်းအရ ၃.၀ ရာခိုင်နှုန်းတိုးတက်ရန်နဲ့ နှစ်အလိုက် စျေးနှုန်းအရ ကျပ် ၂၇၂၈၂၅.၆ ဘီလီယံရရှိရန် လျာထားကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒေသန္တရစီမံကိန်းတာဝန် များကို လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြို့နယ်စာတိုက်၊ ငါးလုပ်ငန်းဦးစီးဌာနတို့အား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)