ကြံခင်း ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ တားမြစ် အစားအစာများကို စားသုံးမိလျှင် ကျန်းမာရေးအန္တရာယ်ထိခိုက်နိုင်သဖြင့် စားသုံးမှုမရှိကြစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ညွှန်ကြားချက်အရ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွတ်ကဲမှုဦးစီးဌာန၏ ထောက်ခံချက် မရှိပဲ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော အသင့်စားအသားလုံးများ၊ အသားချောင်းများ၊ အသားပြားများနှင့် ပင်လယ်စာအမျိုးမျိုးတို့ကို ဈေးကွက်နမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးရာ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် အစားအသောက်နမူနာ(၂၁)မျိုးအား ဈေးဆိုင်များတွင် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနတို့မှတာဝန်ရှိသူများပူးပေါင်းပြီး ကြံခင်းမြို့နယ် အတွင်းရှိ ဈေးဆိုင်(၅)ဆိုင်အား စစ်ဆေးခဲ့ရာ စားသုံးရန်မသင့်သည့် အသားချောင်းများ ရောင်းချခြင်း မရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)