သာယာဝတီမြို့နယ်တွင် အသက် (၁၅)နှစ်မှ (၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

သာယာဝတီ ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ကျောင်းများသို့ ကွင်းဆင်း၍ သံဃာများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကိုရင် (၃၆)ပါး၊ သီလရှင်  (၃၂)ပါး၊ စုစုပေါင်း (၆၈)ပါးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac Vaccine) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့်အတူ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး သာယာဝတီမြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးသူများကို ဆက်လက်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန့်ဇော်