ကော့ကရိတ် ဧပြီ ၁၉
နွေရာသီကျောင်းပိတ်ရက်အတွင်း ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ် များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် အသိပညာ၊ ဉာဏ်ပညာ တိုးပွားလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့် အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ လေ့လာသင့်ကြောင်း၊ စာအုပ်စာပေတို့၌ လူငယ်များအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများစွာ ရရှိကြောင်း၊ လူငယ်များအတွက် ပညာရေးသည် အဓိကဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္ထမြင့်မားစေရေး၊ ပေါင်းသင်းဆက်ဆံရေး ထားရှိရမည့် ဘဝရည်မှန်းချက်ပန်းတိုင်များ၊ ကျန်းမာရေးဆိုင်ရာ ဗဟု သုတများနှင့် မိမိတိုင်းပြည်နှင့် လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးစသည့် အကြောင်းအရာအသေးစိတ်ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)