လှိုင်းဘွဲ ဧပြီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လှိုင်းဘွဲ-ကမ်းနီ-ရွှေဂွန်းလမ်း အပိုင်းအား ၂၀၂၁-၂၀၂၂ ခုနှစ်၊ မီနီဘတ်ဂျက်၌ ကရင်ပြည်နယ်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် စုစုပေါင်းလမ်းအရှည် (၂) မိုင်၊ (၆) ဖာလုံရှိသည့် လမ်းအပိုင်းအား ယခင်ကတ္တရာလမ်း (၁၂) အကျယ်မှ (၁၈) ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို လှိုင်းဘွဲမြို့နယ်လမ်းဦးစီးဌာနမှ ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၄၆ ဒဿမ ၅) သန်းဖြင့် လမ်းအရှည် (၁) မိုင်နှင့် (၂) ဖာလုံကို ဆောင်ရွက်ခဲ့ပြီး၊ ဝေပုံမြကုမ္မဏီမှ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၄၀၄ ဒဿမ ၈၅) သန်းဖြင့် လမ်းအရှည် (၁) မိုင်နှင့် (၄) ဖာလုံ၊ စုစုပေါင်းလမ်းအရှည် (၂) မိုင်နှင့် (၆) ဖာလုံကို ဆောင်ရွက်ပြီးစီးခဲ့ရာ ကားလမ်းနဘေးရှိကျေးရွာနေပြည်သူ များက ဝမ်းသာပျော်ရွှင်လျက်ရှိနေကြသည်။
လှိုင်းဘွဲမြို့မှ ကမ်းနီကျေးရွာနှင့် ရွှေဂွန်းစံပြကျေးရွာကို ဆက်သွယ်ပေးထားသည့် ကတ္တရာလမ်းအကျယ် (၁၂) လမ်းမှာ (၁၅) မိုင်ရှိပြီး လိုင်းဘွဲမြို့အထွက် မိုင်တိုင်အမှတ် (၂) ကီလိုမီတာမှ (၆ ဒဿမ ၄) ကီလိုမီတာအထိ ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကိုဆောင်ရွက်ပေးခဲ့ရာ အဆိုပါ လမ်းနံဘေးရှိ ကွမ်တာကျေးရွာနေပြည်သူတစ်ဦးက ပြည်နယ်အစိုးရအနေဖြင့် ကရင်ပြည်နယ် တစ်ပြည်နယ် လုံးရှိ လမ်းအပိုင်းများကို အဆင့်မြင့်တင်ပေးနေရတဲ့အတွက် မိမိတို့ ကျေးရွာများနှင့် မြို့ကြီးများကို ဆက်သွယ်ပေး ထားတဲ့လမ်းမှာ ယခုနှစ်က ၃ မိုင်နီးပါးလမ်းကျယ်သွားပြီ၊ လာမယ့်နှစ်တွေမှာလည်း တစ်ဖြေးဖြေး ကတ္တရာ လမ်းကိုချဲ့ပေးသွားမယ်လို့ သိရပါတယ်၊ လမ်းကောင်းတယ်၊ လျှပ်စစ်မီးရရှိတယ်ဆိုတော့ ကျေးလက်နဲ့မြို့ပြကွာဟမှု နည်းသွားတာပေါ့၊ ကုန်စျေးနှုန်းကအစ မြို့ပေါ်စျေးနဲ့ သိပ်မကွာဟတော့ဘူး၊ ပြည်နယ် အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်ဟု ပြောဆိုရှင်းပြပေးခဲ့သည်။
လင်းသန့် (ပြန်/ဆက်)