ဟင်္သာတ ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီက စတင်၍ ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက်၊ ရွှေဂူကြီးမင်းကျောင်းတိုက်၊ ရွှေကျောင်းတိုက် စသည့် ဆေးထိုးစုရပ် (၃)နေရာတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း ဦးဆောင်၍ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ညီညီလွင် ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ မြို့ပေါ်ကျောင်းတိုက်များအတွင်းရှိ ကာကွယ်ဆေး မထိုးရသေးသော အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော် (၁၀၀)ပါးနှင့် သီလရှင် (၃)ပါးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့သည်။
ဟင်္သာတမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် သံဃာတော်နှင့် သီလရှင်များကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်စုရပ်များတွင် ရာနှူန်းပြည့် ပြီးစီးအောင် အမြန်ဆုံးဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်ထံမှ သိရသည်။
ကိုဇော်