မြိတ် ဧပြီ ၁၉
မြိတ်တက္ကသိုလ်တွင် သင်ကြားရေးဌာန အသီးသီးရှိ နည်းပြ/သရုပ်ပြ၊ ဆရာ/ဆရာမများအား သင်ကြား ပို့ချမှုများ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို ယမန်နေ့က ဖွင့်လှစ်၍ သက်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)နှင့် တာဝန်ရှိသူများက သင်ကြားပို့ချပေးလျက်ရှိကြသည်။
“၂၀၂၂ ခုနှစ်၊ မေ(၁၂)ရက်နေ့မှာ နေ့သင်တန်း သင်တန်းနှစ်အသီးသီး ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ရာ ဆရာ ဆရာမတွေ အရည်အချင်းပြည့်ဝဖို့အတွက် နည်းပြ/သရုပ်ပြ အသစ်တွေကို ထပ်မံ သင်တန်းပေးတာပါ။ သူတို့ အလုပ်စဝင်တုန်းက သင်တန်းပေးပြီးသားပါ။ အခုက ထပ်ပြီးတော့ သူတို့သင်ရမယ့် အတန်းတွေကို အပြည့်အဝ သင်ကြားနိုင်ဖို့ အရည် အချင်းပြည့်ဝအောင် ထပ်မံ သင်တန်းပေးတာဖြစ်ပါတယ်” ဟု မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းက ပြောသည်။
မြိတ်တက္ကသိုလ်တွင် နေ့သင်တန်း သင်တန်းနှစ်အသီးသီး ပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး ကျောင်းသား/သူများအား အရည်အချင်းပြည့်မီအောင် သင်ကြားပေးမည့် ဆရာဆရာမများအား ထပ်မံ၍ မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆရာဆရာမများအား ၂၀၂၁ခုနှစ် နိုဝင်ဘာလ၌ မွမ်းမံသင်တန်း တစ်လပေးပြီး နောက်ပိုင်း ဘာသာရပ်အလိုက်သင်တန်းများပေးထားပြီးဖြစ်ကြောင်း သိရသည်။
နည်းပြ/သရုပ်ပြ၊ ဆရာ ဆရာမများအား သင်ကြားပို့ချမှုများ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းများကို ဧပြီလ(၁၈)ရက်မှ(၂၂)ရက်အထိ ဘာသာရပ် သင်ကြားရေးဌာန အသီးသီးရှိ နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ဆရာမများအား သက်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် ဝါရင့် ကထိက ဆရာ၊ ဆရာမများက သင်ကြား ပို့ချပေးလျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)