မြိတ်မြို့နယ် မဇောပြင်ကြီးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်၍  ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်အချို့ပျက်စီး

မြိတ်   ဧပြီ   ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မဇောပြင်ကြီးကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်၍ ဓနိမိုး၊ ယိုင်ကာ နေအိမ်(၆)လုံး ပြိုကျပျက်စီး၍ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ်(၅)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ပြိုကျပျက်စီးမှုကြောင့် ဘေးသင့်လူ ဦးရေ ကျား(၂၈)ဦး၊ မ(၂၄)ဦး၊ စုစုပေါင်း(၅၂)ဦး ဘေးသင့်ခဲ့ပြီး  ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊  ပျက်စီးသွားသည့် နေအိမ်များအား သက်ဆိုင်ရာဌာနများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့တို့မှ ပူးပေါင်း ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ပြိုကျပျက်စီးသွားသည့် နေအိမ်ရှိ ဘေးသင့်သူများအား တာဝန်ရှိသူများက သင့်တော်ရာနေရာ များတွင် ပြောင်းရွေ့ နေရာချထားပေးပြီး  နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးပြီး ဖြစ်ကာ ၄င်းတို့အား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်  သက်ဆိုင်ရာဌာနများမှ စီမံဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)