မြိတ်မြို့တွင်  သံဃာတော်များဖြင့် မြို့တွင်းလှည့်လည် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မြိတ်   ဧပြီ   ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာနှစ်သစ်ကူး အခါသမယတွင် ဆရာတော် သံဃာ တော်များဖြင့် မြို့တွင်းလှည့်လည် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေပိုင်းက ဂရုဏာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစိုးဦး ဦးဆောင်၍ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များစုပေါင်း၍ပြုလုပ် ခဲ့ကြသည်။

ရှေးဦးစွာ သံဃာဆေးရုံတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒောဒယ အောင်ဘောဂ ကျောင်းတိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစု အတွက် တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တ နာရဒ မော်တောင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူ၍ ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ မြန်မာနှစ်သစ်ကူး အချိန်အခါ သမယအဖြစ် ဆရာတော် သံဃာတော်များဖြင့် မြို့ တွင်း ရပ်ကွက်အသီးသီးသို့ မော်တော်ယာဉ်များနှင့် သံဃာဆေးရုံ အရှေ့မှစတင်ကာ တိုင်းဒေသ ကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဆောင်၍ သံဃာတော်(၃၈)ပါးမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြ၍ အလှူရှင်များ၊ ရပ်မိ ရပ်ဖများ၊ တပည့်တကာများဖြင့် လိုက်ပါ၍ ပရိတ်ရေ၊ ပရိတ်သဲများ ကြဲပက်ပူဇော်ပေးခဲ့ကြရာ လမ်းတစ်လျှောက် မြို့သူမြို့သားက ကြည်ညိုပူဇော်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)