ကမမောင်း ဧပြီ ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသနေပြည်သူများ စာပေများ ဖတ်ရှုသည့် အလေ့ အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသောစာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ပါမောက္ခဒေါက်တာအောင်ထွန်းသက် ရေးသားထားသော “လုပ်ငန်းတစ်ခု အကောင်းဆုံး ဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ (အင်အားပြ) ဒေါ်တင်တင်လှက လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဉီးနှင့်တစ်ဉီး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်သည် လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်း လေးတစ်အုပ် ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းမှ လုပ်ငန်းတစ်ခု အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ဖို့ ကျွန်တော်တို့၏ စေတနာစာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို အကျဉ်းချုပ်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကမမောင်း (ပြန်/ဆက်)