ပွင့်ဖြူ ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်ကူး ကုသိုလ်ပြု ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက ပွင့်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်အနီး မုန်းချောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ငါးလုပ်ငန်း စခန်းမှ မွေးမြူထားရှိသော ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း စုစုပေါင်း ငါးမျိုးစိတ်ကောင်ရေ ၅၀၀၀အား မုန်းချောင်းအတွင်းသို့ ဇီဝိတဒါန ကုသိုလ်ပြုသည့်အနေဖြင့် စုပေါင်းလွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နှစ်စဉ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တိုင်း ဇီဝိတဒါန ကုသိုလ်ပြုအဖြစ် ငါးလွှတ်ပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။ ထို့အပြင် နှစ်သစ်ကူး အခါသမယ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ဒေသ များတွင်လည်း ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော် များကို ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဘုရားကျောင်းကန်များသို့ သွားရောက်၍ တရားဘာဝနာ ပွားများခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ထွန်းညှိ၍ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )