မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပေးခြင်း၊ သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့တက်ရောက်

မကွေး ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကာ နှစ်သစ်ကူးအခါသမယ ၁၃၈၄ ခုနှစ် မြန်မာနှစ် ဆန်း(၁)ရက်နေ့ နံနက် ၇ နာရီက မကွေးမြို့ ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင်ဆိပ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ၍ ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ပြုခဲ့သည်။

အဆိုပါ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ လွှတ်ပေး ခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ရယူခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်း(၁)ရက် ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနား သို့  တက်ရောက်၍ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအား ဦးထိပ်ထားကာ သက်ကြီး ဘိုး/ဘွား များအား လက်အုပ်ချီမိုး ကန်တော့ခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊အလှူရှင်များက အဘိုးအဘွားများထံ လှူဖွယ်ပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဖန်ခါးမြေဘိုး/ဘွားရိပ်သာမှ အဘိုး(၆)ဦး၊ အဘွား(၁၈)ဦးနှင့် မြို့ပေါ် ရပ်ကွက်များအတွင်းမှ အဘိုးအဘွား(၄၅)ဦး၊ စုစုပေါင်း အဘိုးအဘွား(၆၉)ဦး တို့အား ငွေကျပ် (၂၀၇၀၀၀၀) နှစ်ဆယ်သိန်း ခုနှစ်သောင်းတန်ဘိုးရှိ ကန်တော့ ပစ္စည်းများ လှူဒါန်းခဲ့ရာ အဘိုး/ အဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင် ဆုပေးစကား ပြန်လည်ပြောကြားပြီး၊ စေတနာ သဒ္ဓါတရားပွားများနိုင်ရန် အဘိုး/ အဘွားများအား ကန်တော့သည့် ပစ္စည်းနှင့် ငွေတန်ဘိုးများကို ဖတ်ကြားကာ အခမ်းအနားသို့ ကြွရောက်လာကြသော အဘိုးအဘွားများနှင့် တကွ ပရိတ်သတ် အပေါင်းတို့က  "ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု" (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်းနှင့်  နှစ်သစ်ကူး အခါသမယ ၁၃၈၄ ခုနှစ် မြန်မာ နှစ်ဆန်း(၁)ရက် ဧပြီလ ၁၇ ရက်နေ့တွင် မကွေးမြို့မြသလွန်စေတီတော်မြတ်ကြီး၌ ကုသိုလ်ပြု လာရောက်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မောင်ညီညာ