ဘားအံ ဧပြီ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နှစ်ဟောင်းကုန်လွန်၍ နှစ်သစ်ကူးပြောင်းသည့် သက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအိမ်ရာ၊ ဌာနဆိုင်ရာရုံးများ၊ မြို့၏လမ်းဆုံလမ်းခွများတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ဆရာတော်၊ သံဃာတော်များကို ပင့်ဖိတ်ကြည်ညို၍ နှစ်သစ်ကူးအန္တရာယ် ကင်းပရိတ်တရားတော်များ နာယူ ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ဇနီး ဒေါ်နန်းဘေဘီမြင့် နှင့်မိသားစုအမှူးပြုသော ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့ပေါ်ရှိ ထေကြီဝါကြီး ဆရာတော်ကြီးများအား ပင့်ဖိတ်၍ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံမှ နှစ်သစ်မင်္ဂလာအန္တရာယ် ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒစရိယ ခေမာရာမကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာ ကြား၍ လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဆရာတော်ကြီးများက ကမ္မဝါစာတရားတော်များ ရွတ်ဖတ် ချီးမြှင့်ခဲ့ကြသည်။
အလားတူ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များအလိုက် လမ်းဆုံလမ်းဂွများ၊ နေအိမ်များရှေ့တွင် စတုဒိသာများ တည်းခင်းဧည့်ခံကျွေးမွေးခြင်း၊ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော် နာယ ကြည်ညိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ယိမ်းအကနှင့် တပင်တိုင်အကပြိုင်ပွဲဆုချီးမြှင့်ပွဲကို မြန်မာနှစ်ဆန်း(၁)ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ တေးသံရှင်များနှင့်တွဲဖက်၍ သင်္ကြန်အက များဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ဇနီးများက ဂီတစာဆိုဆု၊ တပင်တိုင်အကပြိုင်ပွဲ(Copy သံဇဉ်)၊ တပင်တိုင်အကပြိုင်ပွဲ (ကိုယ်ပိုင်သံဇဉ်)၊ ယိမ်းအက ပြိုင်ပွဲ (ကိုယ်ပိုင်သံဇဉ်၊ Copy သံဇဉ်) ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို လည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တပင်တိုင်အက၊ ယိမ်းအက (ကိုယ်ပိုင်သံဇဉ်၊ Copy သံဇဉ်) ပြိုင်ပွဲများတွင် ဆုရရှိသူများ ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်းဘေဘီမြင့်က ယိမ်းအကပြိုင်ပွဲ (Copy သံဇဉ်) ပထမဆုရ နောင်ကမြိုင်သင်္ကြန်ယိမ်းအဖွဲ့အားလည်းကောင်း၊ အမှတ်(၂၂) ခြေလျင်တပ်မဌာနချုပ် တပ်မမှူး၏ဇနီးက ယိမ်းအက ပြိုင်ပွဲ ပဉ္စမဆု၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးက ယိမ်းအကပြိုင်ပွဲ (ကိုယ်ပိုင်သံဇဉ်) စတုတ္ထဆု၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်က ယိမ်းအကပြိုင်ပွဲ (ကိုယ်ပိုင်သံဇဉ်) တတိယဆု၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ယိမ်းအကပြိုင်ပွဲ (ကိုယ်ပိုင်သံဇဉ်) ဒုတိယဆုတို့အား ဖွင့်ဖောက်ကြေညာ၍ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယိမ်းအကပြိုင်ပွဲ (ကိုယ်ပိုင်သံဇဉ်) ပထမဆုရရှိသော ငြိမ်းချမ်းပန်းတိုင်ချစ်သူမြိုင် မဟာသင်္ကြန်ယိမ်းအဖွဲ့အား ဖွင့်ဖောက်ကြေညာပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများက နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များ၊ ဒိုင်အဖွဲ့များ၊ တေးဂီတအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသော ယိမ်းအကအဖွဲ့များ၊ တပင်တိုင် အကများက ပြန်လည်ကပြ ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မန်းတောင်ရိပ်ခိုတေးသီချင်း ဖြင့်တွဲဖက်ပြီး ယိမ်းအကအဖွဲ့များက စုပေါင်းသီဆိုကပြ ဖျော်ဖြေ၍ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာအကြီးအကဲများက အောင်သပြေခက်ဖြင့် အတာရေ အေးပက်ဖြန်း၍ မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)