ဝါးခယ်မမြို့နယ် ကစကဲအကျဉ်းစခန်းမှ အကျဉ်းသား(၄)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

ဝါးခယ်မ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ်၊ မင်းလံကစကဲကျေးရွာအုပ်စု/ ကျေးရွာ၊ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၈၈)ဦးအနက် ၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်တွင် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် အကျဉ်းသားများအား ပြစ်ဒဏ်လျှော့ပေါ့၍ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခြင်းဖြစ်ကြောင်း၊ အကျဉ်းစခန်းတာဝန်ခံ ဦးစိုးမင်းအောင်နှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူ ၄ ဦးအား တည်ဆဲဥပဒေများအား တိကျစွာလိုက်နာပြီး မိသားစု၏ စားဝတ်နေရေးအတွက် ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်စားသောက်ကြရန် လိုအပ်ကြောင်း မှာကြား၍ ၎င်းတို့၏ ခရီးစရိတ်၊ စားစရိတ်၊ လုပ်အားခများကို ထောက်ပံ့ပေးအပ်ပြီး နေရပ်သို့ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)