ဝန်းသိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ဝန်းသို စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ အမှားအယွင်းမရှိစေရေးနှင့် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပေါင်းစပ်ညိှနှိုင်း၍ အဖွဲ့ ၁၆ဖွဲ့ခွဲကာ မဲဆန္ဒရှင်စာရင်းများကို ဩဂုတ်လ ၂၁ ရက်မှ စတင်၍ ရပ်ကွက်/ကျေးရွာများသို့ တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဂျိုးတောင်အုပ်စု၊ မော်နိုင်းအုပ်စု၊ မော်ခါးကျေးရွာအုပ်စုသို့ တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုးရွှေ၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်အဖွဲ့ဝင်များက ဂျိုးတောင်အုပ်စု၊ မှန်ပင်ကျေးရွာ၊ မော်နိုင်းအုပ်စု ၊မော်နိုင်းကျေးရွာ၊ မော်ခါးအုပ်စု ၊ မော်ခါးကျေးရွာများသို့ကွင်းဆင်း၍ တစ်အိမ်ထောင် စုချင်းအလိုက် မဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်မပါဝင်သင့်သည့်သူများ မပါရှိရေး၊ ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်စေရေးအတွက်  တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ယခုလိုတစ်အိမ်တက် တစ်အိမ်ဆင်းမဲစာရင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေခြင်းဖြင့် ဒုတိယ အကြိမ်မဲဆန္ဒရှင် စာရင်းကြေညာသည့်အခါ ပထမအကြိမ်မဲစာရင်းလို အမှားအယွင်းနည်းခြင်း၊ ပြည့်စုံမှန် ကန်သော မဲဆန္ဒရှင်စာရင်းများ တိတိကျကျပေါ်ထွက်လာခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိမည်ဖြစ်ပြီး ဝန်းသိုမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ မဲရုံ ၅၃ရုံတွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၅သောင်း ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ကျော်မြိုင် (ပြန်/ဆက်)