ကျွန်းစုမြို့တွင် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် သက်ကြီးဘိုးဘွားများပူဇော်ပွဲ ကျင်းပ

ကျွန်းစု ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစု မြို့နယ်၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် သက်ကြီးပူဇော်ပွဲကို  ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

လှူဒါန်းရာတွင် အခမ်းအနားသို့ တက်ရောက်လာသူများက ကျွန်းစုမြို့၊ သီရိမင်္ဂလာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိသိဋ္ဌထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူခဲ့သည်။ ထိုနောက် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ သက်ကြီးဘိုးဘွားများ ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အသက် (၇၈) နှစ်နှင့်အထက် ဘိုး(၂၄) ဦး၊ ဘွား (၂၀) ဦးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ ခဲ့ကြပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဆုပေးစကားပြောကြားခဲ့သည်။ ထိုနောက် မြို့နယ် တစ်ဝှမ်း ဘေးအန္တရာယ်ကင်းဝေးရေးကို ရည်ရွယ်၍  ဆရာတော် ဘဒ္ဒန္တဝိသိဋ္ဌ ဦးဆောင်သော သံဃာတော် () ပါးတို့မှ မြို့ပေါ်ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ အန္တရာယ် ကင်း ပရိတ်တရားတော်များအား လှည့်လည်ရွတ်ဖတ်တော်မူခဲ့ကြကြောင်း သိရသည်။

စည်သူရအောင် (ကျွန်းစု)