လွိုင်ကော်မြို့၌ နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်

လွိုင်ကော် ဧပြီ ၁၈

ကယားပြည်နယ် လွိုင်ကော်မြို့၌ ၁၃၈၄ခုနှစ် ၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ် တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက “နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကယားပြည်နယ် ဩဝါဒါစရိယ၊ သီရိမင်္ဂလာပုံ ဟော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ) ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။

ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရားတော်သံဃာတော်များအား လှူဘွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ယူ ဆည်းပူးပြီး ဆရာတော် သံဃာတော်များနှင့် ဥပသကာများက လွိုင်ကော်မြို့တွင်း လှည့်လည်၍ ပရိတ်တရားတော်များ  ရွတ်ဖတ်သရဇ္ဇျာယ် ပူဇော်ခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)