ဘုတ်ပြင်းမြို့တွင် လမ်းသွားလာနေသူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ဘုတ်ပြင်း စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကိုဗစ် − ၁၉ ရောဂါ  ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့ပေါ်ရပ် ကွက်များနှင့် လမ်းဆုံများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင်  မြို့နယ် ကိုဗစ် − ၁၉ ရောဂါ  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာနေသူများအား  အရေးယူဆောင် ရွက်မှုအနေဖြင့်  နှာခေါင်းစည်းငါးခုလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း ယခင်ကထက် နှာခေါင်းစည်း တပ်ဆင်သွားလာနေသူများ ပိုမိုများပြားလျက်ရှိပြီး မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များအနေဖြင့်  ကူးစက်မှုမဖြစ်ပေါ်စေရေး အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းဦး( ပြန်/ဆက်)