ပေါက်ခေါင်း ဧပြီ ၁၈
၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ နှစ်ဦးအလှူအဖြစ် ပေါက်ခေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ စုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဆည်းဆာရိပ်ငြိမ်ဘိုးဘွား ရိပ်သာသို့ သွားရောက်ကာ စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ဘိုးဘွားများထံသို့ လှူဒါန်းကန်တော့ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းကန်တော့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင် ဦးဆောင်၍ ဘိုးဘွားများကို ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့် လှူဖွယ်ပစ္စည်းများဖြင့် အဘိုးအဘွားများအား ကန်တော့ခဲ့ရာ အဘိုးတစ်ဦးက ဆုပေးစကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်