မြန်မာနှစ်ဆန်းတစ်ရက်နေ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်

ကြို့ပင်ကောက် ဧပြီ ၁၈

၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင် ကြို့ပင်ကောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း ဘေးအန္တရာယ်များ ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်းပရိတ် တရား တော်များအား မြို့နယ် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့် သံဃာတော်များမှ ရွတ်ဖတ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုက်ရာအကြီးအကဲများက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ထံမှ ၁၃၈၄ ခုနှစ် နှစ်ဦးဩဝါဒကထာ မိန့်ကြား ဆိုဆုံးမခြင်းနှင့် ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ် တရားတော်များရွတ်ဖတ်ခြင်းတို့ကို နာယူခဲ့ကြသည်။

ထို့နောက် မြို့နယ်အတွင်း ဘေးအန္တရာယ်များ ကင်းဝေးစေရေးအတွက် ဆရာတော်သံဃာတော်များ ရွတ်ဖတ်ထားသော အန္တရာယ် ကင်း ပရိတ်တရားတော်များအား အသံချဲ့စက်များဖြင့် လည့်လည် ဖွင့်ပြီး ပရိတ်ရေးများ လှည့်လည်ပတ်ဖြန်းခဲ့ကြသည်။

ထို့အတူ ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကြို့ပင်ကောက်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတို့မှ ဒေသခံပြည်သူ များက ဆရာတော်သံဃာတော်များ ရွတ်ဖတ်သော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြခြင်း၊ တန်ခိုးကြီး ဘုရားများနှင့် ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုပြုခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်သီလဆောက်တည်ကြသူများဖြင့် အေးချမ်းတည်ငြိမ်စွာ ကုသိုလ်ကောင်းမှူများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)