နတ်တလင်းမြို့ ရွှေလင်းဘိုးဘွားရိပ်သာ၌ သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ

နတ်တလင်း ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲကန်‌တော့ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် ဝန်ထမ်းများမှ ယမန်နေ့ နံနက် ၁၀နာရီက နတ်တလင်းမြို့ ရွှေလင်းဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ကြီးပူဇော် ကန်တော့ပွဲတွင် ရှေးဦးစွာ ဩကာသကန်တော့ချိုး ရွတ်ဆိုကန်တော့ကာ ဖွင့်လှစ်ခဲ့ပြီး ရွှေလင်းဘိုးဘွားရိပ်သာရှိ အဘိုး(၁၀)ဦး၊ အဘွား(၈)ဦး စုစုပေါင်း ဘိုးဘွား (၁၈)ဦး တို့အား ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၅၀၀၀၀)၊ ပုဆိုးတစ်ထည်၊ လုံချည်တစ်ထည်၊ သဘက်တစ်ထည်၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ကို ပူဇော်ကန်တော့ကြသည်။

ယင်းနောက် ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဆုပေးဩဝါဒစကား ပြောကြားပြီး လှူဒါန်းမှု အစုအစုအတွက် အမျှဝေကာပူဇော် ကန်တော့ပွဲကို ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး