ထားဝယ် ဧပြီ ၁၇
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ဝင်းလက်ရွှေရည် ပိတောက်ပျိုမဒီ သင်္ကြန်ယိမ်းအကအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့၊ ဖျော်ဖြေရေး ယိမ်းအကအဖွဲ့၊ သင်္ကြန်ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်အောင်မြင်စွာ ပိတ်သိမ်းကြောင်း ကြေညာပြီး ဖျော်ဖြေရေး ယိမ်းအဖွဲ့များက ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများအား ပြန်လည် သီဆိုဖျော်ဖြေသည်။
ယင်းနောက် ၁၃၈၃ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို မန်းတောင်ရိပ်ခိုသီချင်းဖြင့် ပျော်ရွင်စွာ သံပြိုင်သီဆိုကပြ၍ ရုတ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)