ချီဖွေ စက်တင်ဘာလ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ထိန်းချုပ်၊ တုံ့ပြန်ရေး ကော်မတီမှ ဌာနဆိုင်ရာများ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘာသာအသင်းတော်များနှင့် တွေ့ဆုံကာ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိ ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆွေက ချီဖွေမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းနှင့် Church ဘုရားရှိခိုး ကျောင်း ဖွင့်လှစ်နိုင်မည်ဆိုပါက သတ်မှတ်စည်းကမ်းချက်များအတိုင်း ဆောင်ရွက်စေရေး၊ ချီဖွေမြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့်ကာကွယ် ထိန်းချုပ်ရမည့် လုပ်ငန်းများ ဝိုင်းဝန်းဆွေးနွေး ကြစေလို ကြောင်း ပြေကြားသည်။
ဆက်လက်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေး အသင်းတော်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကာလကြာမြင့်လာသည် နှင့်အမျှ မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်မှုနှင့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များအား လိုက်နာမှု အားနည်း လာမှုများ တွေ့ရှိရကြောင်းနှင့် ယခုလတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအပေါ် ခြုံငုံသုံးသပ် ခဲ့ကြသည်။
သို့ဖြစ်ပါ၍ ချီဖွေမြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြို့နယ်အတွင်း သွားလာလှုပ်ရှား နေကြသောသူများနှင့် စျေးရောင်း၊ စျေးဝယ်ကြသောသူများ၊ မိမိနေအိမ်ပြင်ပ ထွက်ခွာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ အိမ်အပြင်ထွက်ရန်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်မှု အခြေအနေ များအား စိစစ်နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် ရစ်လောခေါင် ရပ်ကွက်တွင် KBC ဘုရားကျောင်း ဆင်းလမ်းဆုံ၊ မြို့နယ်စည်ပင်သာယာစျေး လမ်းဆုံ၊ ဥက္ကပ်ရပ်ကွက်တွင် မေခချစ်သူ စားသောက်ဆိုင် လမ်းဆုံ(၃)နေရာများတွင် အဖွဲ့များခွဲကာ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရေး အသိပညာပေး ကာလအဖြစ် (၃.၉.၂၀၂၀) ရက်နေ့မှ (၄.၉.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ (၂)ရက်သာ အသိပညာပေး ကာလအတွင်း နှာခေါင်းစည်း(Mask)များ တပ်ဆင် လာခြင်းမရှိသော ခရီးသွား ပြည်သူ များအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေမှာဖြစ်ပြီး အသိပညာပေး ကာလပြီးဆုံး၍ (၅.၉.၂၀၂၀) ရက်နေ့မှစကာ မြို့နယ်အတွင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း မရှိသွား လာလှုပ်ရှား နေကြသော မိဘပြည်သူများ တွေ့ရှိပါက ထိရောက်သော ဒဏ်ကြေးငွေဖြင့် ဒဏ်ရိုက်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။
နန်းမြင့်၊ဇင်မာဝင်း(မြို့နယ် ပြန်/ဆက်)