ပွင့်ဖြူ ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယနေ့ မြန်မာ့ရိုးရာအတာသင်္ကြန်အကြတ်နေ့တွင် မြို့ပေါ်ရပ်ကွကများနှင့် မြို့တွင်းလမ်းတစ်လျှောက် ရေကစားကြသူများနှင့် ကုသိုလ်ပြု စတုဒီတာ ကျွေးမွေးကြ သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်ထည့်သွင်း ကျင်းပနိုင်ခြင်း မရှိသော်လည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကုသိုလ်ပြု စတုဒီတာကျွေးမွေး လှူဒါန်း ကြသူများ၊ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် ဘုရားကျောင်းကန်များတွင် စိတ်အေးချမ်းစွာ တရားဘာဝနာ ပွားများအားထုတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများဖြစ်သည့် ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်၊ ဘုရားကုန်းကျေးရွာအနီးရှိ ပါဝါရုံ (ရွှေပန်းမြိုင်) စေတီတော် ၊ အုတ်ဖိုကျေးရွာအနီးရှိ ကုက္ကုဌာရုံစေတီတော်၊ ရွာခိုင်ကျေးရွာရှိ ဃောသီတာရုံစေတီတော်တို့တွင်လည်း ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများနှင့် စည်ကားလျက်ရှိသလို မုန်းချောင်းတံတား (ပွင့်ဖြူ) အနီး မုန်းချောင်းတွင်လည်း လာရောက်အပန်းဖြေ ရေကစားကြသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)