ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့၌ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကြတ်နေ့ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး

ဟားခါး ဧပြီ ၁၆

၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ယနေ့နံနက် ၉ နာရီခွဲက  ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဆက်လက် ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်  ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ် အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ယှဉ်ပြိုင်နေမှုနှင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ယနေ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြတ်နေ့ နံနက်ပိုင်းတွင် ပိတောက်ရွှေဝါယိမ်းအဖွဲ့၊ ပိတောက်ချစ်သူလှပျိုဖြူယိမ်းအဖွဲ့၊ ပိတောက်လွမ်းသူယိမ်းအဖွဲ့၊ ဇလပ်ပျိုမေယိမ်းအဖွဲ့နှင့် သနပ်ခါးပျိုဖြူယိမ်းအဖွဲ့တို့မှ အဖွဲ့လိုက် ယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ  အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မွန်းလွဲ ၁ နာရီခွဲတွင် တစ်ဦးချင်းအက ပြိုင်ပွဲများနှင့် ဖျော်ဖြေရေး အစီအစဉ်များကို ဆက်လက်ကျင်းပရာ နှစ်သစ်မင်္ဂလာယိမ်းအဖွဲ့၊ ပိတောက်ချစ်သူ လှပျိုဖြူယိမ်းအဖွဲ့၊ စိမ်းလန်းစိုပြေ သင်္ကြန်မေယိမ်းအဖွဲ့၊ သနပ်ခါးပျိုဖြူ ယိမ်းအဖွဲ့နှင့် ဇလပ်ပျိုမေယိမ်းအဖွဲ့တို့မှ တစ်ဦးချင်း ယှဉ်ပြိုင်ကြပြီး ယိမ်းအဖွဲ့များက ဖျော်ဖြေကြကာ သင်္ကြန်ပွဲတော် အကြတ်နေ့သို့ တက်ရောက် ကြည့်ရှု အားပေးကြသူများအား စတုဒီတာဖြင့် ဧည့်ခံကျွေးမွေးခဲကြောင်း သိရသည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြန်မာခရစ်ယာန်မိတ်သဟာရဘုရားကျောင်းသို့ သွားရောက်ပြီး နွေရာသီကျမ်းစာသင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား အားပေး စကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ရာ သင်းအုပ်ဆရာ ရိုကျင်လိန်းက လက်ခံ ရယူခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)